Skip to main content

မသိစိတ်က အိပ်မက်တစ်ခု


ဂျူလိုင်လ အလည်လောက်က @@@ရွာရဲ့ မြောက်ဘက် လေးမိုင်လောက်ကို


ကျွန်တော်တို့ @@@ တပ်ခွဲ တစ်ခွဲ သွားပြီး စခန်းချတယ်။ အဲ့နေ့က မိုးတော်တော်ကြီးတယ်။ မြောင်းသာသာ ချောင်းလေး ကို လှမ်းခုန်ကျော်လိုက်တာ ရင်ဘက်လောက် အထိ မြုပ်သွားတယ်။ အဲ့လိုနဲ့ တပ်ခွဲ စခန်းချမယ့် နေရာဆီ ရောက်သွားရော။ ဒီဟာက တစ်ကယ့်တိုက်ပွဲ မဟုတ်ပေမယ့် လက်နက်ပစ်ခတ်တာတွေ တစ်ကယ့် တိုက်ပွဲလိုမျိုးကြုံခဲ့ရတယ်။ ကျွန်တော်တို့ တပ်ခွဲ စခန်းချမယ့်နေရာ ရောက်တော့ မြေပြင်တစ်ခုလုံး ဖြန့်ပြီး တပ်စု အလိုက်နေရာယူကြတယ်။ တပ်ခွဲလို့သာ အမည်တပ်ထားတာ အင်အားက တပ်ရင်းတစ်ရင်းစာလောက်ရှိတယ်။ တပ်ဆင်မှုအရသာ တပ်ရင်းလို့ ခေါ်လို့မရသေးလို့ တပ်ခွဲလို့ပဲခေါ်တာ။

အဲ့တော့ ကျွန်တော်တို့ စခန်းချတဲ့နေရာ ရဲ့ ဘေးမှာ သျှိုတစ်ခု ရှိတယ် ကျွန်တော်တို့ တပ်စုက အဲ့နေရာမှာ စခန်းချတယ်။ 

ပထမတပ်စု က အဲ့အချိန်ကစပြီး တိုက်ပွဲသဏ္ဏာန် ပစ်ခတ်မှုတွေစလုပ်တယ်။ ပတ်ပတ်လည် တောင်တန်းတွေနဲ့ သေနတ်တစ်ချက်ပစ်ရင် ပဲ့သင်သံတွေက မိုးပြိုသလို အလုံးလိုက် အတစ်လိုက် နားထဲကိုရောက်တယ်။ 

ခင်ဗျား တစ်ကယ့်သေနတ်အသံကို အနီးကပ်ကြားဖူးရင်သိလိမ့်မယ်။ အဲ့ချိန် ကျွန်တော်တို့ တပ်စု ပစ်ခတ်မှုမစသေးတော့ နောက်တန်း နေရာယူထားတယ်။ 

ပါလာတဲ့ ရိက္ခာခြောက်လေးတွေ ဖောက်စား မျှစ်တူးတဲ့လူကတူး equipment ကိုထုတ်ပြီး မားမားခြောက်ထုတ်ကို ပြုတ်ဖို့ မီးမွှေး ရေစိုထင်း မီးမွှေးတော့ မီးခိုးက အူနေတာ။ ဆေးလိပ်ကလည်း ကျွန်တော်တို့ ပြတ်နေတာကြာပြီ။ အချမ်းပြေအောင် ဆေးလိပ်လေးတစ်ယောက်တစ်ဖွာဆီဖွာ။ တာပင်တိုင် မိုးပြီး ကျွန်တောတို့ ပုခတ်ဆင်ပြီး ခဏ မှေးကြတယ်။ 

ကျွန်တော်တို့ အဲ့သေနတ်သံတွေကြားမှာ အိပ်ပျော်သွားတယ်။ 


ကျွန်တော်အဖွား အိမ်ပြန်ရတယ်တဲ့။ 

ကျွန်တော် စစ်ယူနီဖောင်းအပြည့်စုံနဲ့ အိမ်ထဲဝင်ပြီး အဖွားချက်ထား တဲ့ ကြက်ကာလသားချက် ကို အပီးပြင်စားနေတာ ခေါင်းတောင်မဖော်နိုင်ဘူး။ 

ကျွန်တော်ငုတ်ပြီး စားနေတာကို အဖွားက ငေးကြည့်နေတာ။ 

ကျွန်တော်စားနေရင်း နဲ့ သေနတ်သံတွေက ပြန်ပြန်ကျယ်လာတယ်။ ကျွန်တော်လည်း ထမင်းဝိုင်းဘေးက သေနတ်ကို လှမ်းဆွဲပြီး မောင်းတင်လိုက်တော့ ကျွန်တော်အိမ်ရယ် အဖွားရယ် ထမင်းဝိုင်းရယ်ပျောက်သွားပြီး 

ပတ်ပတ်လည်အမှောင်ထဲမှာ သေနတ်တစ်လက်နဲ့ ဘာဖြစ်နေတာလည်း မသိတဲ့ပုံစံဖြစ်နေတယ်။ ကျွန်တော့်နားမှာ အသံအကျယ်ဆုံးသေနတ်သံတစ်ချက်ကြားလိုက်ရတယ်။ ကျွန်တော့်နားမှာ သေနတ်ပြင်နေတဲ့ ဆရာတစ်ယောက် ပစ်လိုက်တဲ့အသံပဲ။ အဲ့သေနတ်သံကြားပြီး ကျွန်တော် အိမ်မက်ကနေ ပြန်နိုးလာတယ်။ နားက အူနေတုန်းပဲ။ 

တစ်ပတ်လောက်ကြာတဲ့အထိ ညရောက်ရင် နားထဲက အသံလှိုင်းတွေပြေးနေသလိုမျိုးပြန်ကြားရတယ်။ 

အဲ့လိုကြားပြီးတိုင်း ခုနကလို အိမ်ပြန်ပြီး ထမင်းစားကြတဲ့ အိပ်မက်ပြန်မက်တယ်။ 


နောက်တစ်လလောက်ကြာတော့ ကျွန်တော် အဖွားဆီ ဖုန်းဆက်ခွင့်ရတယ်။ ဖုန်းဆက်တဲ့အချိန် အဖွားက ဟလို ပြောတော့ ကျွန်တော် မျက်ရည်ကျပြန်တယ်။

ဒါမပြီးမချင်း အိမ်မပြန်ဘူးဆိုပြီး အားတင်းထားပေမယ့်

 ကျွန်တော်မသိစိတ်တွေက အိပ်ပြန်ချင်နေခဲ့ပုံပဲ။ 


Annt Hmue Mahr 


Comments