ကျွန်တော် မှာအိမ်ရှိတယ်။
အိမ်ဆိုတာ က ခင်များတို့မှာလည်းရှိလိမ့်မယ်။
အိမ်ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဘယ်လိုဖွင့်လည်း မသိပေမယ့် ကျွန်တော်ဆိုလိုချင်တဲ့ အိမ်ရဲ့ အဓိပ္ပါယ်က တစ်ခုရှိတယ်။
အိမ်အမှတ် ၂၅တဲ့။ ကမ်းနားလမ်းမှာရှိတာ။
ကျွန်တော်မွေးကတည်းက နေခဲ့တဲ့ နှစ်ထပ် ပျဉ်ထောင်အိမ်ကြီး။ ရေနံချေးတွေလဲ သုတ်ထားတာမှဝလို့။ အိမ်ကြီးက ကျွန်တော်မျက်လုံးထဲမှတ်မိသေးတယ်။ ဝရံတာဆို မိုးတွင်းပိုင်းဆို မိုးတစ်အား ပက်တော့ တာလဘတ် လို့ခေါ်တဲ့ မိုးအကာကြီးအုပ်ထားတယ်။ အိမ်က မြို့ရဲ့ စျေးကြီး အရှေ့မှာ ဆိုတော့ သူများ အိမ်တွေလိုဆိတ်ငြိမ်မှုမရှိဘူး။ အမြဲတမ်းလိုလို လူမပြတ်ဘူး။ မျက်လုံးထဲမှာတောင် မြင်နေရသေးတယ်။
၄ပေ စလောင်းက လာတဲ့ သတင်းတွေဖွင့်ထားတယ်။ အိမ်အတွင်းပိုင်းက ခပ်မှိုင်းမှိုင်းနဲ့ အိမ်ရှေ့ ခန်းမှာ ဘွဲ့ ဓာတ်ပုံတွေတောင် သိပ်များများစားစားမရှိသေးဘူး။ ဘကြီး က လိုင်းမမိသေးတဲ့ ရေဒီယို ကို လှည့်နေတယ်။ သတင်းမလာခင် ဆိုင်းသံလေးဆို နားထဲစွဲနေတာပဲ။
စူပါကပ်အဖြူလေး တစ်စီးရှိမယ်။ အိမ်ရှေ့ပလက်ဖောင်းမှာတော့ “အဆွေတော်” ဆိုတဲ့ နာရီပြင်ဆိုင်သေးသေးလေးရှိတယ်။
အဲ့ဒီအိမ်က ကျွန်တော့်ကိုယ်ပိုင်တော့ မဟုတ်ဘူး။
ဒါပေမယ့် အဲ့အိမ်က ကျွန်တော့်အိမ်။
အဲ့မှာနေရင် လုံခြုံသလို ခံစားရတယ်။
နွေးထွးမှု ရသလိုလိုမျိုးခံစားချက်တွေရှိတယ်။
တစ်ခါတစ်လေ အိမ်ကြီးက ကျွန်တော့်ကို သိုင်းဖတ်ထားသလိုပါပဲ။
တစ်နေ့ မှာ ကျွန်တော့် စက်ဘီး စီးသင်တယ်။
ဘယ်လိုသင်သင်ကျွန်တော် မနင်းရဲဘူး။
“စံကွား” လို့ခေါ်တဲ့ သူငယ်ချင်းနဲ့ ရုပ်ရှင်ရုံအဟောင်း ဘေးက မြေကွက်လပ် လေးမှာ သူက အနောက်ကနေ ထိန်းလိုက် ကျွန်တော်က နင်းလိုက်ပေါ့။ ဘယ်လိုလုပ်လုပ်မရတဲ့ အဆုံးတော့ ငါရအောင်နင်းမယ်ကွာဆိုပြီး အားခဲပြီးနင်းတာ
တော်တော်ခရီးပေါက်သွားတယ်။ နင်းနေတာ တော်တော်ဟုတ်နေပြီ စိတ်ထဲ ဒီကောင် ထိန်းထားပေးတယ်ပေါ့။ တစ်ကယ်တမ်း ဒီကောင် လွှတ်လိုက်တာကြာပြီ လှည့်ကြည့်တော့ စံကွား မပါလာဘူးဆိုတော့ အဲ့ဒီ မှာ မှောက်ပါလေရော။
အဲ့တုန်းက ငိုတာပေါ့ ။ ဒူးက လဲတော်တော်ပြဲကွဲနေတယ်။
ခြေထောက်ကလေး ထော့နဲ့ ထော့နဲ့ မျက်ရည်စက်လက်နဲ့ အိမ်ပြန်ရောက်ဖို့ အတော်ကလေးလျှောက်လိုက်ရတယ်။
အိမ်နားရောက်လာလာလေ ခြေလှမ်းသွက်လာလေလေ။
အိမ်ရှေ့ရောက်တော့ အိမ်ကို မော့ကြည့်တယ်။
အိမ်က ကျွန်တော် ဘာလုပ်လာလဲဆိုတာသိသလိုမျိုးပဲ။
ကျွန်တော် စက်ဘီးစီးတက်ခဲ့တဲ့နေ့မှာ အိမ်က ဂုဏ်ယူသလိုမျို အကြည့်နဲ့ ကြည့်နေတာဗျာ။ ကျွန်တော်လည်း မျက်ရည်ဝိုင်းပြီး ပါးစပ်ကတော့ ပြုံးပြုံးကြီး ကျေနပ်နေခဲ့တယ်။
Dark Place ဆိုတာကြားဖူးလား။
ဥပမာဗျာ ခင်များက စာမေးပွဲဖြေနေတဲ့ အခါ စာတစ်ခုကိုစဉ်းစားနေတယ်။ မရဘူး ဘယ်လိုမှ။ မျက်လုံးကိုစုံမှိတ်ပြီး
အမြင်အာရုံမှာ ဘာမှမမြင်ရပဲ မဲမဲကြီး ဖြစ်သွားတဲ့အခါမျိုး ကျရင် ခင်များစဉ်းစားနေတဲ့ စာ ပေါ်လာတာမျိုးပေါ့။
တစ်နေ့ကျောင်းမှာ ပြဿနာ တစ်ခုတက်တယ်။ ဘာပြဿနာလဲ အတိအကျမမှတ်မိပေမယ့် စိတ်ပိုင်းဆိုင်ရာတစ်ခုခု ထိခိုက်သွားတယ်ထင်တယ်။ အဲ့တုန်းက ကျွန်တော် ငိုနေတယ်။ စိတ်ညစ်တာပဲ ဖြစ်ဖြစ် စိတ်ထိခိုက်တာပဲ ဖြစ်ဖြစ် လူတွေက အဲ့လိုအခြေအနေမျိုးမှာ တစ်ယောက်တည်း သီးသန့်နေချင်တာမျိုးပေါ့။ ထားပါ။
စာသင်ခန်း အခန်းထောင့်မှာ နံရံကိုမှီ ပြီး ဒူးပေါ်လက်တင်ပြီး ငိုတယ်။ လုံးဝ မျက်လုံးကို မှတ်ထားတဲ့အချိန်မှာ
Dark Places အိမ်က ပေါ်လာပြီး စကား လာပြောတယ်။
“မငိုနဲ့ တိတ်တိတ်” တဲ့။
ကျွန်တော့် အခန်းဖော်တစ်ယောက်ယောက်က လာနှစ်သိမ့်တာကိုပဲ အမှတ်မှားပြီး ထင်ယောင်ထင်မှား ဖြစ်တာလားမပြောတက်ပါ။
“ကိုယ်ဘက်က အမှားမရှိတဲ့ ရန်ပွဲတစ်ခုမှာ အမေက လာပြီး “သားလေး ဘာမှမဖြစ်ဘူး အမေရှိတယ်” ဆိုပြီး ဖတ်ထားတဲ့ ခံစားချက်နဲ့အတူတူပါပဲ။”
တစ်နေ့ကျတော့ ကျွန်တော် ၇တန်းအောင်စာရင်းထွက်တော့
အောင်တယ်။ အဖွားနဲ့ အန်တီ စိုးတို့ ရန်ကုန်မှာ ကျောင်းထားဖို့ တီးတိုးစကားတွေပြောပြောနေတယ်။ ကျွန်တော့်ကို ပေးမသိဘူး သိရင် ဘယ်နေမလဲလေ။ အဖွားက “ရန်ကုန်သွားလည် မယ်ဆိုပြီးခေါ်သွားတယ််။ အဲ့အချိန်ကျွန်တော့်စိတ်ထဲ တော်တော်ပျော်နေတယ်။ အဝတ်အစား အသစ်တွေလဲ အများကြီးရရထားတယ်။
စိတ်ထဲ အဲ့ရက်ပိုင်း အိမ် ကိုမေ့မေ့နေတယ်။
ရန်ကုန်ရောက်တော့ တစ်ပတ်လောက် လျှောက်လည်ပြီးတော့ ကျွန်တော့်ကို အဆာင်ပို့တော့တာပါပဲ။
“အတင်း မနေဘူး။ ဘာညာ ဂလန်ဂဆန် လုပ်ပေမယ့် အချိန်နှောင်းသွားပြီ။ မတက်နိုင်တဲ့အဆုံး ဖြေသိမ့်ပြီးနေရတယ်။ အဆောင်အပေါ်ကနေ မထသ ကားကြီးတွေ မြင်နေရ။ တစ်ချက်ချက် လေယာဉ်သံတွေဆို အကျယ်ကြီးပဲ။
ပတ်ဝန်းကျင်အသစ်နဲ့ သဟဇာတ ဖြစ်အောင်နေထိုင် ရင်း
အိမ် ကို ကျွန်တော်စိတ်ထဲ မေ့နေတယ်။
၈တန်းတစ်နှစ်လုံး အဆောင်မှာပဲနေ အဆောင်ထမင်းပဲစား။ ကစားဖို့ဆိုတာ တောင်မေ့နေခဲ့တယ်။ အချိန်အားပြီဆိုတာနဲ့ ခေါင်းရင်း ပြတင်းပေါက်က နေ မျက်ရည်စက်လက်နဲ့။ တစ်နှစ်လုံး နေမကောင်းဖြစ် ဆေးရုံတင်။ ဘာနဲ့ညာနဲ့ ကျောင်းကြီးပိတ်မှ ပဲ ပြန်လာဖြစ်တယ်။
အိမ်ပြန်ခရီးဆို အရမ်းကြာတယ်။
တစ်ဖြည်းဖြည်းနဲ့ နီးကပ်လာသလိုပဲ။
မြို့ပြရဲ့ လွှမ်းမိုးမှုတွေ မရှိတော့ဘူး။
ကားလမ်းနံဘေးမှာ စက်မှုဇုံတွေ မဟုတ်ပဲ ရာဘာခြံတွေနဲ့ ။
မွေးရပ်မြေဆီရောက်ဖို့တွေးပျော်နေတာပေါ့ဗျာ။
တစ်ခါတစ်လေ ကျွန်တော် အိမ်အရမ်းပြန်ချင်တယ်။
စိတ်ထဲမွန်းကြပ်စရာတွေရှိလာခဲ့ရင်။
ဖြစ်ချင်တာတွေမဖြစ်လာရင်။
အိမ်ရဲ့အဝေးမှာ စိတ်ညစ်စရာတွေရှိလာရင်
စိတ်နုန်းစရာတွေရှိလာရင်။
အိမ်ထဲ တစ်နေရာရာမှာ ချောင်တိုးပြီး ချုံးပွဲချ ငိုလိုက်ချင်တယ်။ စိတ်သက်သာရာ ရတာပေါ့။
အိမ်ရှေ့ရောက်တော့ ကားပေါ်ကဆင်း အထုတ်ချပြီး မော့ကြည့်လိုက်တော့ ငယ်ငယ်ကတည်းက ကြည့်လို့မဝ တဲ့ အိမ်ကြီးဗျာ လှမှလှ။ အမောပြေလေး ကြည့်နေမိတယ်။
ပြီးမှ ဖြေးဖြေးချင်း သတိထားမိလာတယ်။
အဲ့အချိန် ကျွန်တော် သတိထားမိပါတယ်။
နွေးထွေးသွားသလို မခံစားရပါဘူး။
အိမ်ကလည်း ကျွန်တော့်ကို စကားမပြောတော့ပါဘူး။
“သက်မဲ့အိမ်တစ်လုံးကတော့
သက်မဲ့အိမ်တစ်လုံးလိုပါပဲ။”
အံ့မှူးမဟာ။
၂၈.၉.၂၀၂၀
စာကြွင်း : စာရေးသူ ၉တန်းနှစ် က ရေးထားသော “အိမ်ပြန်ချင်တယ်” စာ ကိုကိုးကားဖြည့်စွက်ရေးသားထားပါသည်။
ဆိုးဘူးဟ ပုံေတွက👍👍
ReplyDeleteThis comment has been removed by the author.
ReplyDelete